ကျေးဇူးတရားရဲ့ အင်အား
ဝေဝေက
နယ်မြို့တစ်မြို့က ဆင်းရဲသားကျောင်းသားတစ်ဦးဖြစ်တယ်။ သူနေတဲ့ကျောင်းက
အလှူခံပစ္စည်းတွေ နှစ်တိုင်း အမြောက်အများရရှိတယ်။
စေတနာအလှူရှင်တွေရဲ့လှူဒါန်းမှုကြောင့် ကျောင်းရဲ့အခြေအနေလည်း အဖက်ဖက်က
တိုးတက်လာခဲ့တယ်။ ကျောင်းကစားကွင်းမှာ အားကစားကုမ္ပဏီကလှူဒါန်းထားတဲ့
အားကစားကိရိယာတွေ၊ စာသင်ခန်းထဲမှာ ကျောင်းသုံးပစ္စည်းကိရိယာတွေ၊
စာကြည့်တိုက်မှာ ဖတ်စရာစာအုပ်တွေနဲ့ ပြည့်စုံလို့နေတယ်။
စစချင်းမှာ ဝေဝေနဲ့ကျောင်းသူကျောင်းသားတွေက စေတနာရှင်တွေလှူဒါန်းတဲ့ ပစ္စည်းတွေအပေါ် ထူးဆန်းအံ့သြကြတယ်။
အလှူပစ္စည်းလက်ခံရပြီးနောက် ကျောင်းသားတွေဟာ အလှူရှင်တွေဆီ
ကျေးဇူးတင်ကြောင်း စာတွေရေးပို့တတ်ခဲ့တယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း
အချိန်ကြာလာတာနဲ့အမျှ ကျောင်းသားတွေဟာ အလှူလက်ခံရရှိတဲ့ပစ္စည်းအပေါ်
နေသားတကျဖြစ်လာခဲ့ပြီး ကျေးဇူးတင်ကြောင်းစာလည်း အရေးကျဲသွားတော့တယ်။
ဝေဝေနဲ့ကျောင်းသူကျောင်းသားတွေဟာ တခြားလူလှူဒါန်းတဲ့ပစ္စည်းတွေ
လက်ခံရတဲ့အပေါ် ဘာမှထူးခြားမနေခဲ့တော့ဘူး။
နှစ်တစ်နှစ်က
ကျောင်းဖွင့်ပြီးသိပ်မကြာခင်မှာပဲ ဝေဝေတက်နေတဲ့အတန်းမှာ
အတန်းပိုင်ဆရာအသစ်တစ်ဦး ရောက်လာခဲ့တယ်။ ဆရာက အခုမှ
ဆရာအတတ်သင်ကျောင်းဆင်းတစ်ဦးဖြစ်တယ်။ ကျောင်းဖွင့်တာသိပ်မကြာသေးတာမို့
စေတနာရှင်တွေလှူဒါန်းတဲ့ပစ္စည်းတွေကို ကျောင်းက လက်ခံရရှိခဲ့ပြန်တယ်။
ဝေဝေနဲ့ကျောင်းသားတချို့က ခါတိုင်းလိုပဲ ရုံးခန်းမှာ
စာအုပ်နဲ့စာရေးကိရိယာတွေ သွားထုတ်ပြီး ကျောင်းသားတွေကို ဝေပေးပါတယ်။
ဒါကို ဆရာကတွေ့တော့ “ဒါတွေက တခြားလူလှူထားတဲ့ပစ္စည်းတွေလား” လို့ ကျောင်းသားတွေကို မေးတယ်။
“ဟုတ်ပါတယ် ဆရာ” ကျောင်းသားတွေ ပြန်ဖြေကြတယ်။
“နှစ်တိုင်း လှူကြတာလား”
“ဟုတ်ပါတယ်.. ဆရာ… နှစ်တိုင်းလှူပါတယ်.. လှူတိုင်း အများကြီးလှူပါတယ်”
“ဒါဆို ဒီအလှူပစ္စည်းတွေကို ဘယ်လိုစီမံကြသလဲ”
ဆရာက အလှူပစ္စည်း စာအုပ်တစ်အုပ်ကိုကောက်ကိုင်ပြီး မေးတယ်။
“လွယ်လွယ်လေးပဲ ဆရာ.. အလှူပစ္စည်းအရေအတွက် ကောက်ယူမှတ်သားပြီး
ကျောင်းသားတွေကို ဝေပေးလိုက်ပါတယ်” ဝေဝေက ဆရာ့အမေးကိုပြန်ဖြေပါတယ်။ သူက
ဒီအလှူပစ္စည်းတွေကို တာဝန်ယူရတဲ့ကျောင်းသားဖြစ်တယ်။
“အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း အကြောင်းကြားကြရဲ့လား”
ဆရာနောက်ဆက်တွဲမေးလိုက်တဲ့ မေးခွန်းကြောင့် ကျောင်းသားတွေအားလုံး
ဆွံအကုန်ကြတယ်။
ကျောင်းသားတွေရဲ့အပြုအမူနဲ့ ပြောစကားတွေကို
နားထောင်ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေဟာ တခြားလူလှူဒါန်းတဲ့
အလှူပစ္စည်းတွေကို လက်ခံရရှိပြီးနောက် ကိစ္စပြီးသွားပုံရတယ်။ ဆရာက
ကျောင်းသားတွေကိုကြည့်ပြီး “ဒီနေ့ညနေ ဆရာတို့ အလုပ်တစ်ခုလုပ်ကြရအောင် …
လက်ဆောင်ပစ္စည်းတချို့ဝယ်ပြီး စေတနာအလှူရှင်တွေကို ပြန်ပို့ပေးရအောင်”
လို့ဆိုတယ်။
ညနေကျောင်းဆင်းတော့ ဆရာက ကျောင်းသားတွေကိုခေါ်ပြီး
လက်ဆောင်ဝယ်ဖို့ထွက်ခဲ့တယ်။ ဆိုင်တစ်ဆိုင်မှာ သူတို့ခေါက်ဆွဲခြောက်တွေ
ဝင်ဝယ်ကြတယ်။ အဲဒီနောက် မြို့နယ်စာတိုက်ကို သူတို့ရောက်ခဲ့ကြတယ်။ ဆရာက
ကျောင်းသားတွေကို ကျေးဇူးတင်စာ ငါးစောင်ရေးခိုင်းပြီး ခေါက်ဆွဲခြောက်တွေကို
ငါးပုံခွဲလိုက်တယ်။ ခေါက်ဆွဲခြောက်တွေကို စာတိုက်ကတဆင့် ပေးပို့ပြီးနောက်
ကျောင်းကို သူတို့ပြန်လာချိန်ဟာ နေဝင်မိုးချုပ်နေပါပြီ။
ဝေဝေနဲ့ကျောင်းသားတွေက လက်ဆောင်ပစ္စည်းတစ်ခုပို့ဖို့ ဒီလောက်အချိန်ယူရမှန်း
မတွေးခဲ့မိဖူးကြဘူး။
နောက်တစ်နေ့ ကျောင်းတက်ချိန်မှာ ဆရာက
“အလှူရှင်တွေကို လက်ဆောင်ပြန်ပေးဖို့ ဆရာတို့ အချိန်တစ်ညနေသုံးလိုက်ရတယ်။
သူတို့က ဒီလောက်များတဲ့ စာအုပ်၊ စာရေးကိရိယာတွေ လှူဒါန်းဖို့
အချိန်ဘယ်လောက်ပေးရမလဲ.. တပည့်တို့ စဉ်းစားမိကြသလား”
ကျောင်းသားတစ်ချို့က တစ်ညနေလို့ ဖြေတယ်။ တချို့က တစ်ရက်လို့ဆိုတယ်။
စာအုပ်ခဲတံ ပစ္စည်းပစ္စယတွေ လိုက်ဝယ်ရလို့လို့ ဆိုတယ်။ ကျောင်းသားတစ်ချို့က
ကုမ္ပဏီကလှူဒါန်းတယ်ဆိုရင် ကုမ္ပဏီအသုံးစရိတ်အတွက် အတည်ပြုချက်ယူရသေးတာမို့
တစ်ရက်ထက်မက ကြာနိုင်ကြောင်းပြောတယ်။
“ဟုတ်တယ်.. လှူမယ်လို့
ဆုံးဖြတ်ပြီး လှူဒါန်းပြီးချိန်အထိ အနည်းဆုံးတစ်ရက်လောက်တော့
သူတို့အသုံးပြုရတယ်။ ဒါပေမယ့် သူတို့ကို ကျေးဇူးတင်ကြောင်း
စာလေးတစ်စောင်ရေးပို့ဖို့တောင် ဆရာတို့မှာ အချိန်မရှိတော့ဘူးလား။
တခြားလူဆီက အကူအညီ အလှူပစ္စည်းတွေရတာ ဆရာတို့မှာ
ကျေးဇူးတင်စိတ်ဆိုတာရှိရတယ်။ သူတို့က တာဝန်အရ ဝတ္တရားအရ
လှူဒါန်းနေတာမဟုတ်ပါဘူး။ အလှူပစ္စည်းတွေနဲ့အတူ စေတနာ မေတ္တာကိုပါ
သူတို့လှူဒါန်းနေတာပါ”
ဆရာ့စကားက ဝေဝေနဲ့ကျောင်းသားအားလုံးကို
ခံစားသက်ဝင်စေခဲ့ပါတယ်။ အဲဒီကစ အလှူရှင်တွေကို ကျေးဇူးတင်လွှာတွေ
သူတို့ရေးပို့ခဲ့သလို ကိုယ့်အမှတ်စာရင်းပါ တစ်ပါးတည်း ပေးပို့တတ်ခဲ့တယ်။
တခြားသူရဲ့ အကူအညီကိုလက်ခံရရှိပြီး သူတို့ကို ကျေးဇူးမတင်ဘဲ ဒါဟာ
ရသင့်ရထိုက်တယ်လို့ ထင်မြင်တာဟာ ရှက်စရာကောင်းတယ်ဆိုတဲ့ သဘောတရားကို
ဝေဝေတို့နားလည်ခဲ့ကြလို့ဖြစ်တယ်။
နှစ်အတန်ငယ်အကြာမှာ
ဝေဝေတို့အတန်းကကျောင်းသားအားလုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြတယ်။ ဒါဟာ
ဒီကျောင်းမှာ မဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်ပါ။
ဆရာနဲ့ကျောင်းအုပ်ဆရာကြီးပါ အံ့သြဝမ်းသာခဲ့ကြပြီး ဒီကျောင်းသားတွေ
ဘာကြောင့်ဒီလိုအောင်မြင်ခဲ့တယ်ဆိုတာကို သူတို့နားမလည်နိုင်ဖြစ်ခဲ့ကြတယ်။
ဝေဝေတို့အတန်းသားနဲ့ အတန်းပိုင်ဆရာကသာ “တခြားသူကို သူတို့ကျေးဇူးတင်ဖို့
နားလည်လို့.. ဒါဟာ ကျေးဇူးတရားရဲ့အင်အား”ဆိုတာကို
နားလည်သဘောပေါက်ခဲ့ကြပါတယ်။
မူရင်းရေးသားသူ တရုတ်စာရေးဆရာ Guo Long (郭龙: 感谢的力量)ရဲ့ “ကျေးဇူးတရားရဲ့အင်အား” ကို ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ
No comments:
Post a Comment